ကျွန်တော် ညကဖတ်မိတယ်။
ဇာတ်တော်ထဲမှာ ၊ မယ်သီတာအတွက်
ရာမနှင့်ယှဉ် ၊ လေးတော်တင်ကာ
ယှဉ်ပြိုင်ရင်းက၊ ရှုံးခဲ့ရသည့်
ဒဿဘီလူး ၊အချစ်ရှုးသည်
ချစ်ဦးသူအတွက် အကြမ်းဖက်ကာ
ငဲ့ကွက်မညှာ မယ်သီတာကို
ရာမလက်မှ အဓမ္မဖြင့်
မရ ရအောင် ခိုးခဲ့သည်။
ချစ်စိတ်ထန်ပြင်း အကြောင်းရင်းကြောင့်
အတင်းအဓမ္မ ပြုခဲ့၍
ရာမဇတ်လမ်း သူ့အခန်းတွင်
ဇာတ်ကြမ်းမင်းသား ဖြစ်တော့သည်။
သူ့လိုသာပဲ ကျွန်တော်လည်းလေ
ဇာတ်ထဲကလို သဝန်တို၍
လိုချင်တောင်းတ ခင့်ကိုရရန်
ဆန္ဒမယူ မကြည့်ဖြူဘဲ
ခိုးယူထွက်ပြေးမိတော့သည်။
အလိုမတူ ကြမ်းဖက်ယူ၍
ကြည်ဖြူနိုင်ရေး ဝေးပါသေး ဟု
ငိုကြွေးငြင်းဆန်၊ ခင်မုန်းဒဏ်ကို
ခံရတော့မှာ သိလာရသည့်
ဒဿအသစ်ဖြစ်ပြီကိုး။
ချစ်စိတ်ပြင်းထန်
အကြောင်းရင်းကြောင့်
အတင်းအဓမ္မ ပြုခဲ့ရသည့်
ဒဿကျွန်တော် ယခုသော်ကား
ဇာတ်တော်ဖတ်ကာ ဆွေးစိတ်ဖြာ၍
ရင်နာနေရပါပြီခင်.။