ထာဝရမြှပ်နှံထားလိုက်ပြီ

ကေသာလေးကို
သပ်တင်လိုက်ရုံနဲ့
တစ်လောကလုံးကပန်းတွေ
ရှက်သွေးတွေ တဖျန်းဖျန်း ထကုန်ကြတယ်
အဲဒီည ငါ့ကောင်းကင်မှာ
လခြမ်းတွေ တစ်ဖြုတ်ဖြုတ်ကြွေကြခဲ့တယ်
မိတ်ဆွေတို့သိကြပါသလား
ကိုယ့်ချစ်သူရဲ့ရှက်ပြုံးတစ်ချက်မှာ
ကြယ်စင်တွေရှုပ်ယှက်ခတ်ကြွေကြ
လမင်းတောင်ငိုမဲ့မဲ့နဲ့ (အလှမပြိုင်ဝံ့လို့)
တိမ်ထဲကိုပြေးဝင်သွားခဲ့တယ်
တကယ့်ကိုတစ်ခဏလေးပါပဲ
တစ်ဘ၀လုံးနဲ့တောင်လဲနိုင်တယ်
သာယာငြိမ့်ငြောင်းတဲ့ကဗျာတစ်ပုဒ်ကို
ဆောင်းနေ့လယ်တစ်ခုမှာ ဖတ်လိုက်ရသလို
ရင်ခုန်သံတွေဖျတ်ဖျတ်လူးခဲ့တာ
ချစ်သူရေ
ဟော့ဒီကောင်ရဲ့ကမ္ဘာမှာ
မဉ္ဖူသက နတ်ပန်းတွေ
တလှိုင်လှိုင်ပွင့်ကုန်ပြီကွယ့်
သခွပ်ပန်းတွေကလည်း
အုံလိုက်ကျင်းလိုက်နဲ့
သိကြားနဲ့အသူရာ
စစ်ပြေငြိမ်းနေလေရဲ့ကွယ်
အဲဒီရှက်ပြုံးတစ်ချက်အ၀င့်မှာ
ကေသာကိုသပ်တင်လိုက်တဲ့ဟန်
ဟော့ဒီကောင်ရဲ့ရင်ခွင်မှာ
ထာဝရထွန်းလင်းစေခဲ့ပြီ
ထာဝရ စွဲငြိစေခဲ့ပြီ
ထာဝရ မြှပ်နှံထားလိုက်ပြီ

8 comments:

ကောင်းကင်ပြာ said...

ဟော်တော်..ကိုတိုးရဲ့ ကောင်းကင်မှာ လခြမ်းတွေ တဖြုတ်ဖြုတ် ကြွေကုန်ပီဆိုပဲ၊
ထာဝရ ထွန်းလင်ပါစေ

Anonymous said...

မိတ်ဆွေတို့ သိသလားဆိုတော့ သိဘူးဗျး)
စမိပြန်ပြီး ရှက်ပြုံးကိုမှ မမြင်ဖူးတာ

ရင်ခွင်ကို ကိုယ့်ပါသာပဲမြှပ်နှံလိုက်တာလား ခံနိုင်ရည်ရှိရဲ့လား ကိုတိုး ။

ဝှိုက်ဝှိုက် said...

မြှပ်နှံလိုက်ပြီးလား တကယ်ထာဝရမြှပ်နှံထားမှာလား
ပြန်စဉ်းစားပါဦး ကိုတိုးလေးရ

မြတ်သွယ် said...

မြှပ်နှံထားလိုက်ရအောင် လှတဲ့သူမရဲ့ ကေသာသပ်တင်ပုံလေးကို မြင်ဖူးချင်ရဲ့
ဟီးးး

Anonymous said...

တကယ်ကြီးမြုပ်နှံလိုက်ပြီလား..ပြီးမှ ပြန်လည်တူးဖော်ခြင်းဆိုပြီးလုပ်ရဘူးနော်..သေချာစဉ်းစားဦး
:P(စတာနော်စိတ်ဆိုးကြေး)
အဆင်ပြေပါစေဗျာ..

WWKM said...

ကောင်းလိုက်တဲ့ စာသားလေးတွေပါလား မောင်လေး
ကိုတိုးရေ...

အဲဒီရှက်ပြုံးတစ်ချက်အ၀င့်မှာ ကေသာကိုသပ်တင်လိုက်တဲ့ဟန် ဟော့ဒီကောင်ရဲ့ရင်ခွင်မှာ ထာဝရထွန်းလင်းစေခဲ့ပြီ ထာဝရ စွဲငြိစေခဲ့ပြီ ထာဝရ မြှပ်နှံထားလိုက်ပြီ..

ပျော်ရွှင်ပါစေ.

အစ်မ၀ါ

မီးမီးငယ် said...

ထာဝရထွန်းလင်းစေမယ့်ရှက်ပြုံး များများပြုံးနိုင်ပါစေရှင်

Anonymous said...

တောက်... လန်ချက်ကတော့ဗျာ... ကေသာလေးတချက် စပ်တင်ရုံနဲ့ ပန်းကလေးတွေ ရှက်သွေးဖြန်းရင် တကိုယ်လုံး
ချွတ်ချရင် ပြာပဲကျသွားမလား အရည်ပဲပျော်သွားမလား မတွေးရဲဘူးဗျာ။