Showing posts with label mail. Show all posts
Showing posts with label mail. Show all posts

အဖေနဲ့အမေ

ကျွန်တော်ဆိုတဲ့ကောင်က
ဝမ်းတစ်ထွာအတွက်
နိုင်ငံခြားထွက်ခဲ့တာပါအဖေနဲ့အမေ
မိသားစုနဲ့ဝေးရာ
အကြင်နာတွေနဲ့ဝေးရာမှာ
ရှာဖွေခြင်းဆိုတဲ့ဒုက္ခတွေနဲ့
ချွေးသုတ်ဖို့အချိန်လုရင်း
ဟောဒီလောကကြီးထဲမှာ
အမေချစ်တဲ့ကျွန်တော်ဟာ
အမိ အဖနဲ့အဝေးဆုံးနေရာကိုရောက်နေတယ် အဖေနဲကအမေ
အဖေနဲ့အမေတို့ပြောသလို အမေ့အနားမှာ
ဘိုးဘွားပိုင်လယ်ယာနဲ့
ပဲစိုက်၊ ပြောင်းစိုက်၊ ပျိုးထောင် ပျိုးနှုတ်
အလုပ်မှန်သမျှ ကျွန်တော်လုပ်နိုင်ပေမယ့်
ရာသီဥတုကိုတော့ မယုံတော့ဘူးအမေ
နှမ်းခင်းဆိုလည်း နှစ်တိုင်းလိုလို
ပိုးကနှိပ်စက်၊ ပဲခင်းဆိုလည်း ပိုးကဖျက်နဲ့
လယ်ခင်းဆိုတော့ ကြွက်ကကိုက်နဲ့
လုပ်စားမရတဲ့နှစ်တွေ များခဲ့ရပြီ မဟုတ်လား အဖေနဲ့အမေ
ဒါပေမဲ့ အဖေနဲ့အမေရယ်
နယ်မြေချစ်တဲ့စိတ်ကတော့
တစ်စက်လေးမှ လျှော့မသွားပါဘူး။
အခုချိန်မှာတော့ အမေ့သား ကျွန်တော်က
မျှော်လင့်ချက် တိမ်တိုက်ကို မသိုက်လုပ်ပြီး
ဝေးဝေးမြင်ဖို့ မြင့်မြင့်ပျံ
လေဆန်ကို အန်ခဲလို့
ဘဝထဲကို ပျံသန်းနေတာပါ အဖေနဲ့အမေ
တစ်နေ့နေ့တစ်ချိန်ချိန်မှာ
ကျွန်တော်ဟာ ဘာဖြစ်မလဲမသိပေမဲ့
တရားချစ်တဲ့ အမေနဲ့အမေ၊ သားကိုချစ်တဲ့ အဖေနဲ့အမေကို
သားလုပ်အားနဲ့
လက်တွေ့ကျေးဇူးဆပ်ဖူးချင်တယ် အဖေနဲ့အမေရယ်။
သူငယ်ချင်းတစ်ယောက်မေးလ်ကနေပို့လို့ရတဲ့ကဗျာလေးကနေပြီးတော့ကဗျာလေးကို ကြိုက်လို့ကောက်တင်လိုက်တာပါ။ ရေးသားသူကဘယ်သူလည်းဆိုတာမဖော်ပြထားတော့ ကျွန်တော်လည်းမသိလို့ရေးသားသူအမည်ကိုရေးမပေးတော့ပါဘူး။ ဘလော့ဂါညီအကိုမောင်နှစ်မများအားလုံးပျော်ရွှင်ချမ်းမြေ့နိုင်ကျပါစေခင်ဗျာ။ ကိုတိုးလေးအင်တာနက်နဲ့ဝေးနေပြီးကျောင်းစာတွေနဲ့အလုပ်တွေများနေလို့ ဘလော့ဂါကိုမသုံးဖြစ်လို့ ဒီကဗျာလေးနဲ့ပဲစပြီးတော့ပဲကိုတိုးလေးအလည်တစ်ခေါက်ပြန်ရောက်လာပါတော့တယ်။ အားလုံးပဲ အဆင်ပြေပျော်ရွှင်ခြင်းများစွာကိုပိုင်ဆိုင်နိုင်ကျပါစေခင်ဗျာ။

မှတ်သားစရာလေးများ

ဘယ်တော့မှ ပြန်မရနိုင်သော အရာ(၃)မျိုး (၁) ကုန်ဆုံးသွားသော အချိန် (၂) ပြောပြီးသောစကား (၃) အခွင့်အရေးကောင်းများ တန်ဖိုးအကြီးဆုံးအရာ(၃)ခု (၁) အချစ် (၂) မိမိကိုယ့် မိမိယုံကြည်မူ (၃) အခွင့်အရေးကောင်းများ ဘယ်တော့မှ မသေချာသောအရာ(၃)မျိုး (၁) အိပ်မက် (၂) စိတ်ကူးရည်ရွယ်ချက် (၃) ကံကြမ္မာ အကောင်းဆုံးဖန်တီးနိုင်သောအရာ(၃)မျိုး (၁) အလုပ် ကြိုးစားခြင်း (၂) စိတ်ရင်းအမှန်ဖြင့် ကြိုးစားခြင်း ၊ ရိုးသားခြင်း (၃) စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားခြင်း ပျက်စီးစေသောအရာ(၃)မျိုး (၁) အရက်သေစာ (၂) မာနကြီးခြင်း ၊ မိမိကိုယ် မိမိ အထင်ကြီးခြင်းနှင့် ၀င့်ကြွားခြင်း (၃) ဒေါသကြီးခြင်း တစ်ကြိမ်ဆုံးရူံးပြီးနောက် ပြန်လည်တည်ဆောက်ရန် ခက်ခဲသောအရာ(၃)မျိုး (၁) ရိုသေလေးစားခြင်း (၂) ယုံကြည်စိတ်ချမူ (၃) ခင်မင်ရင်းနှီးမူ သူငယ်ချင်းတစ်ယောက်ရဲ့မေးလ်ကရတာလေးကိုပြန်လည်ပြီးတော့မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။

တန်ဖိုးရှိသောစကားလုံးလေးများ

ဝမ်းသာစရာတွေလည်း ကြုံခဲ့ဘူးပါပြီ
ဝမ်းနည်းစရာတွေလည်း ဆုံခဲ့ဘူးပါပြီ
ဘာမျှ မယ်မယ်ရရ မရှိခဲ့ပါဘူး
ဒါပေမဲ့....
အဲဒီလို....ကြုံခဲ့ ဆုံခဲ့တာတွေထဲက
သင်္ခန်းစာတွေရပြီး အသိဥာဏ်တိုးရင်
လူဖြစ်ရကျိုး တော်တော်နပ်ပါတယ်။
ကောင်းတဲ့အလုပ်ဟာ နောက်ကျတယ်ဆိုတာ
မရှိပါဘူး။ လုပ်ငန်းမစရသေးတာပဲရှိပါတယ်။
အမြင့်ရောက်လို့ အမြင်ကျယ်တာထက်
အမြင်ကျယ်လို့ အမြင့်ရောက်တာက
ပိုကောင်းပါတယ်။
ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့
ဖြစ်နိုင်တာတွေပါ ဆုံးရှုံးလိုက်ရပြီ
ဖြစ်နိုင်တာကိုသာ ဦးစားပေးခဲ့ရင်
ဖြစ်ချင်တာတွေပါ အားလုံး ဖြစ်လာမယ်။
လုပ်သင့်တာကို မလုပ်မိရင်
မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်။
အဟုတ်ပါလားလို့ ထင်ထားသမျှတွေဟာ
လွဲနေတတ်သလို.................
မဟုတ်ဘူးလို့ ထင်ထားသမျှတွေကလည်း
မှန်နေတတ်ပြန်တယ်။
မေတ္တာပို့နေယုံနဲ့ မဖြစ်သေးဘူး
မေတ္တာဓာတ်တွေ ရှိနေဖို့က
အရင်လိုအပ်တယ်။
ကောင်းတာကို နားလည်သလောက် လုပ်စမ်းပါ
အလုပ်လုပ်ရင်းနဲ့ နားလည်လာလိမ့်မယ်
သိသလောက်ကျင့် ကျင့်သလောက် သိလာလိမ့်မယ်
အခက်အခဲဆိုတာ ဥာဏ်နုည်းသူအတွက်
ဘ၀တစ်ခုလုံး ကျိုးပျက်သွားတတ်ပေမဲ့
အသိဥာဏ်ရှိသူအတွက်ကတော့
ဘ၀ကြီးတစ်ခုလုံးကို တိုးတက်သွားနိုင်တယ်
အလုပ်လုပ်သူက အပြောမသန်
အပြောသန်သူက အလုပ်မလုပ်
ပြောသလောက်လုပ်ပြီး လုပ်သလောက်သာပြောပါ
အပြောနည်းပြီး အလုပ်လုပ်တာ အကောင်းဆုံးပါပဲ။
စေတနာသည် လူတိုင်းနဲ့ မတန်သည်မဟုတ်
လူတိုင်းနဲ့ တန်တဲ့ စေတနာမျိုးထားနိုင်ဖို့
လိုအပ်ပါတယ်။
သူငယ်ချင်းတစ်ယောက်ပို့ထားတဲ့မေးလ်ကိုမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ် အားလုံးကသိပြီးသားတွေလို့လည်းထင်ပါတယ်။ အားလုံးပဲပျော်ရွှင်အဆင်ပြေကျန်းမာနိုင်ကျပါစေခင်ဗျာ။

*သူငယ်ချင်းရော ........မင်းအလှည့် ကျရင် ဘယ်လို လုပ်မလဲ........ * *

မသန်မစွမ်း အဘိုးအိုကြီးတစ်ယောက်ဟာ သူ့သားရဲ့ အိမ်မှာ သူ့ချွေးမ၊ လေးနှစ်သားအရွယ် သူ့မြေးလေးနဲ့အတူ နေလေရဲ့။ အဲဒီ အဘိုးအိုကြီးက လက်တွေဆိုလည်း တုန်လို့၊ အမြင်အာရုံကလည်း မှုန်ဝါးဝါး၊ သူ့ရဲ့ ခြေလှမ်းတိုင်းကလည်း ဒယိမ်းဒယိုင်နဲ့ပေါ့။ သူတို့ မိသားစု လေးယောက်ဟာ အစာစားပြီဆိုရင်ဖြင့် စားပွဲတစ်လုံးမှာ အတူတူ ထိုင်ပြီး စားလေ့ရှိတယ်။ ဒါပေမယ့် အဘိုးအိုကြီးဟာ လက်က အရမ်းတုန်၊ မျက်စိက ၀ါးတားတားဆိုတော့ အစာစားရတာလည်း အခက်ကြုံတာပေါ့။ ပဲစေ့ကို ဇွန်းနဲ့ ခပ်ပြီ ဆိုရင်ဖြင့် ပဲစေ့တွေဟာ ဇွန်းထဲကနေ ကြမ်းပြင်ပေါ် တမင် ခုန်ချနေသလား အောက်မေ့ရတယ်။ ဖန်ခွက်ကို ကိုင်လိုက်ပြီ ဆိုရင်လည်း ခွက်ထဲမှာ လှိုင်းတွေကြီးပြီး စားပွဲခင်းပေါ်ကို နွားနို့တွေ ဖိတ်ကျကုန်တယ်။ သားနဲ့ ချွေးမလုပ်တဲ့လူက ကြာတော့ သည်းမခံနိုင်တော့ဘူးလေ။ "ငါတို့ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။ ဒီ မှောက်ကျတဲ့ နွားနို့တွေ၊ ကြမ်းပေါ် ပြန့်ကျဲနေတဲ့ အစာတွေ၊ မျက်စိနောက်လောက်အောင် စားသောက်နေနဲ့ အမူအရာတွေကို ဆက်မမြင်ချင်တော့ဘူး။" လို့ စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ဇနီးကို ပြောလိုက်တယ်။ ဒါနဲ့ အဘိုးအိုးအစာစားဖို့ ဟိုးအခန်းထောင့်မှာ စားပွဲသေးသေးလေးတစ်ခု စီစဉ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး အဘိုးအိုခမျာ တစ်ယောက်တည်း အထီးကျန်စွာနဲ့ ထမင်းစားရတော့တယ်။ ကျန်တဲ့လူတွေကတော့ စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင် စားနေကြတာပေါ့။ အဘိုးအိုကြီး တုန်တုန်ရင်ရင်နဲ့ ပန်းကန်ခွက်ရောက်တွေ နှစ်ချပ် သုံးချပ်လောက် လွတ်ကျကွဲပြီးကတည်းက အဘိုးအိုကြီးကို အစာစားဖို့ သစ်သားဇလုံလေး တစ်လုံး လုပ်ပေးထားတယ်။ သူတို့ ထမင်းစားနေတုန်း အဘိုးအိုကြီးကို လှမ်းကြည့်လိုက်ရင်ဖြင့် အထီးကျန်လွန်းလို့ ကျတဲ့ မျက်ရည်တွေတောင် အထင်သား မြင်နေရတယ်။ ဒီလို သနားစဖွယ် မြင်ကွင်းကို မြင်နေရတာတောင် အဘိုးအိုကြီး ဇွန်းခရင်း၊ ဒါမှမဟုတ် ဟင်းတွေ အောက်ကို ဖိတ်ကျရင် အော်လိုက် ငေါက်လိုက်ချင်သေးတာလေ။ ဒါတွေအားလုံးကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်နေတဲ့သူကတော့ ဟို လေးနှစ်သားလေးပေါ့။ နှုတ်ဆိတ်မနေရအောင် သူကကော ဘာတတ်နိုင်မှာမို့လဲ။ တစ်ညနေ ကြမ်းပြင်ပေါ်မှာ သစ်သားတုံး၊ ဆောက်၊ တံဇဉ်း၊ ဓါးတွေနဲ့ ကစားနေတဲ့ သားကို အဖေလုပ်တဲ့သူက တအံ့တသြနဲ့ ထိုင်ကြည့်နေတယ်။ ဒီကောင်လေး ဘာတွေများ လုပ်ဖို့ ကြံစည်နေလဲ ဆိုတာကို သိချင်ဇော အားကြီးတော့ သူ့သားကို ချိုသာတဲ့ အပြုံးနဲ့ ဘာလုပ်နေတာလဲလို့ လှမ်းမေးလိုက်တယ်။ လေးနှစ်သားလေးဟာ အဖေရဲ့ အမေးကို အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြန်ဖြေပြီး ခပ်ပြုံးပြုံးလေးနဲ့ သူ့အလုပ်သူ ဆက်လုပ်နေတော့တယ်။ သားလေးရဲ့ အဖြေဟာ အဖေနဲ့ အမေလုပ်သူရဲ့ ရင်ဝကို တည့်တည့်ပစ်မှန်ပြီး အလုံးလိုက် လည်ပင်းမှာ လာစို့နေတယ်။ အားလုံးဟာ တိတ်ဆိတ်သွားတယ်။ စကားလုံးတွေ ဆွံ့အကုန်ပြီ။ မျက်ရည်တွေဟာ သူ့တို့ရဲ့ ပါးပြင်မှာ အရှိန်ကောင်းကောင်းနဲ့ စီးဆင်းလာတယ်။ ပြောရက်လိုက်တာ သားရယ်လို့ စိတ်ထဲမှာ တွေးနေရင်းက အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြောသွားတဲ့ သားရဲ့ မျက်နှာနဲ့ စိတ်ကျအားငယ်ပြီး အိုမင်းချိနဲ့နေတဲ့ အဖေလုပ်သူရဲ့ မျက်နှာကို တပြိုင်တည်း မြင်ယောင်လာမိတယ်။ ဇနီးမောင်နှံ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ဘာမှ ပြန်မပြောဖြစ်ကြပေမယ့် သူတို့ ဘာဆက်လုပ်ရမယ် ဆိုတာကိုတော့ ကောင်းကောင်းကြီး နားလည်သွားကြပြီလေ။ ညနေစာ စားချိန်ရောက်ပြီ။ အဘိုးအိုကြီးဟာ သူရဲ့ အထီးကျန် စာပွဲအိုရှိရာကို ဦးတည်ပြီး လှုပ်ပဲ့လှုပ်ပဲ့ လမ်းလျှောက်လာနေတယ်။ သူ့ခမျာ အရင် မိသားစုလိုက် အတူတူစားခဲ့တဲ့ စားပွဲဟောင်းကိုတောင် လှည့်ကြည့်ဖို့ ခွန်အား မရှိရှာတော့ဘူး။ သူ့စားပွဲကို ရောက်ခါနီးမှာပဲ သူ့ရဲ့သားက အဘိုးအိုရဲ့ လက်ကို ညင်သာစွာ ဆုတ်ကိုင်လိုက်ပြီး မိသားစု စားပွဲဝိုင်းဆီကို တွဲခေါ်လာတယ်။ သူတို့နဲ့ ထမင်းအတူတူ ပြန်စားဖို့ ဖိတ်ခေါ်ခံလိုက်ရတာပါ။ အဘိုးအိုခမျာ မျက်စိလည် လမ်းမှားပြီးရောက်လာတဲ့ ဒီအခွင့်အရေးကို လက်လွှတ်ရမှာ ကြောက်တော့ ခရင်းကို ဂရုတစိုက် ကိုင်ပေမယ့်လည်း လွတ်ကျမြဲ လွတ်ကျနေတယ်။ ဒီတစ်ခါမှာတော့ အိမ်ရှင်မရဲ့ စူးရှရှ အသံကို မကြားရတော့ဘဲ နွေးထွေးတဲ့လက်တစ်စုံနဲ့ ခရင်းတစ်ချောင်းကိုသာ မြင်လိုက်ရတယ်။ အမြင်များ မှားနေလား ဆိုပြီး အဘိုးအို မျက်စိကို ပွတ်ပြီး ပြန်ကြည့်တယ်။ ဟုတ်ပါတယ်၊ သူ့ချွေးမဟာ ခရင်းအသစ်ကို ယူပြီး အဘိုးအိုကို လှမ်းပေးနေတယ်။ ဟော နွားနို့တွေ စားပွဲပေါ် ဖိတ်ပြန်ပြီ။ ငြိမ်ငြိမ်လေး ထမင်းဆက်စားနေကြတာပဲ မြင်ရတော့တယ်။ အဘိုးအိုရဲ့ အလွဲလွဲ အချော်ချော်နဲ့ ဇွန်းခရင်းသံကလွဲလို့ ဘာအသံမှ မကြားရဘူး။ ညစာစားပွဲလေးဟာ တီးလုံးပဲပါတဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ထားတာနဲ့ တူနေတယ်။ ဒီညစာစားပွဲလေးဟာ အဘိုးအိုအတွက်တော့ အင်မတန် ကျေနပ်စရာ ကြည်နူးစရာ စားပွဲလေးတစ်ခု ဖြစ်သွားပြီပေါ့။ လေးနှစ်သားလေးရဲ့ စကားတစ်ခွန်းကြောင့် ဒီဇနီးမောင်နှံဟာ သူ့ဖခင်အပေါ်မှာ ရှိရင်းစွဲ မေတ္တာတွေ ပြန်လည် သက်ဝင်လာပြီး သနားကရုဏာနဲ့ စိတ်ရှည်ရှည် ဆက်ဆံလာနိုင်တယ်။ ဖခင်အပေါ် အမြင်မှန် ရသွားတယ်ဆိုပါတော့။ ဒါမှမဟုတ် ၀ဋ်လည်မှာကိုပဲ တွေးပြီး ကြောက်သွားကြသလား။ လေးနှစ်သားလေးက သူ့အဖေကို ဘာပြောလိုက်မယ်ထင်လဲ။ အဖြေကို ဆက်ဖတ်မကြည့်ခင် အရင် စဉ်းစားကြည့်စေချင်တယ်။ မိဘဟာ သားသမီးကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ သဘာဝအရ အလိုအလျောက် တတ်သိစွမ်းဆောင် နိုင်လာတာ ဆိုပေမယ့် သားသမီးက မိဘကို ပြုစုစောင့်ရှောက်ရမယ် ဆိုတာကိုတော့ သဘာဝက အပြင်းအထန် သင်ကြားပေးတာတောင် အတော်များများ စာသိပ်မကျေချင်ဘူး။ မိဘက သားသမီးကို ပြုစုဖို့ အဓိက တွန်းအားဟာ မေတ္တာဆိုပေမယ့် သားသမီးက မိဘကို ပြုစုဖို့ အဓိက တွန်းအားဟာ တာဝန်ဖြစ်နေတာ ကြားနေ၊ မြင်နေရတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ တာဝန်အရ ပြုစုနေရတဲ့ သားသမီးတွေ လောကမှာ ဘယ်လောက်များ များမလဲနော်။ ဒါပေမယ့် သားသမီးကို တာဝန်အရ ပြုစုနေရတဲ့ မိဘဆိုတာ ကမ္ဘာပေါ်မှာ လုံးဝ မရှိပါဘူး။ လေးနှစ်သားလေးက သူ့အဖေကို ဒီလို ပြန်ဖြေလိုက်ပါတယ်။ "သား၊ သစ်သားဇလုံးလေး လုပ်နေတာပါ။ ဖေဖေနဲ့ မေမေ အသက်ကြီးလာရင် အစာစားဖို့လေ" မေးလ်ကရထားတာလေးကိုပြန်ပြီးတော့တင်ပေးလိုက်တာပါကိုယ့်အလည့်ကျရင်လည်းအဲ့လိုလုပ်ရင်ဘယ်လိုခံစားချက်မျိုးတွေ ခံစားရမလည်းမသိဘူးနော်။ အားလုံးပဲအဆင်ပြေပျော်ရွှင်ပါစေခင်ဗျာ။

ဥာဏ်စမ်း

တစ်ခါက ဆရာတစ်ဦးဟာ ဒီလို ဥာဏ်စမ်းထုတ်သတဲ့။ ဆွံအသူ တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ သံချောင်းဝယ်ဖို့ သွားခဲ့တယ်။ သူက ဆိုင်ရှင်ကို ဘယ်ဖက်လက်ကို သံချောင်းသဏ္ဍာန် လုပ်ပြပြီး ညာဖက်လက်ကို သံရိုက်သွင်းနေတဲ့ ပုံစံလုပ်ပြသတဲ့။ ဆိုင်ရှင်က သဘောပေါက်တဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြပြီး သူ့ကို သံရိုက်တူ ကမ်းပေးလိုက်တယ်။ ဆွံအသူက မဟုတ်ကြောင်း ခေါင်းခါပြပြီး သံချောင်းပုံ လုပ်ထားတဲ့ လက်ကို ညွှန်ပြသတဲ့။ အဲဒီတော့မှ ဆိုင်ရှင်က သူ့ကို သံချောင်း ကမ်းပေးလိုက်တယ်။ အဲဒီအချိန်မှာ မျက်မမြင်တစ်ဦး ရောက်လာခဲ့တယ်။ မျက်မမြင်က သူဝယ်မဲ့ ကတ်ကြေးကို ဆိုင်ရှင်နားလည်အောင် ဘယ်လို အလွယ်ဆုံးနည်းနဲ့ ရှင်းပြခဲ့သလဲ..? သင်ဟာ အတန်းထဲက ကျောင်းသားတစ်ဦးဆိုရင် သင့်အဖြေက ဘာလဲ... ? ၀ါသနာပါသူများ ဖြေကြည့်ကြပါ။ အပျင်းလဲပြေ... ပျော်စရာလည်း ကောင်းပါတယ်။ စာဖတ်သူတွေက လူညံ့တွေ မဟုတ်ကြလို့ အဖြေက ဖြေနေစရာတောင် မလိုတော့ပါဘူးနော်။ တစ်ခါတလေ အတွေးတွေကို အဆုံးစွန်ထိ တွေးလိုက်မိရင် အသိဥာဏ်က သာမန်အဆင့်လောက်ပဲ ဖြစ်သွားတတ်ပါတယ်တဲ့။ ဒါကြောင့် Don't think too much.း) မှတ်ချက်။ သူငယ်ချင်းပို့ပေးတဲ့မေးလ်ကဥာဏ်စမ်းလေးတင်ပေးလိုက်တာပါ။ ပိုစ့်အသစ်မတင်နိုင်သေးလို့အဲ့ဒါနဲ့မေးလ်ကနေပြီးတော့ သူငယ်ချင်းတွေအားလုံးလည်းသိပြီးသားဖြစ်မှာပါနော်။ ဥာဏ်စမ်းလေးဖြေပေးသွားကျပါအုံးနော်။ အားလုံးပဲ စိတ်၏ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းများနဲ့ပြည့်စုံကျပါစေခင်ဗျာ။

အချစ်ကလေး၏ခလုတ်

တစ်နေ့က သူငယ်ချင်းတစ်ယောက်ကပို့လိုက်တဲ့ Fwd mail ကရတာလေးကိုရေးပြီးတင်ပေးလိုက်တာပါ။................. တစ်ခါက ရွာတစ်ရွာတွင် အလွန်အရှက်ကြီးသည့် မိန်ကလေးတစ်ဦးရှိသတဲ့။ အရွယ်ရောက်လာတော့ လူငယ်တို့သဘာဝအတိုင်း မိန်းကလေးမှာလည်း ချစ်သူရည်းစားတစ်ယောက်ရှိလာခဲ့သတဲ့။ တစ်နေ့သောအခါ ချစ်သူနှစ်ဦးတို့ သာယာသည့်မြစ်ကမ်းနံဘေးတစ်နေရာတွင် ချိန်းတွေ့နေကြခိုက် မိန်းကလေးမှာ လေလည်ချင်လာခဲ့သည်။ သို့သော် သူသည်အလွန်အရှက်အကြောက်ကြီးသူဖြစ်သဖြင့် ချစ်သူရှေ့တွင်လေမလည်မိအောင် အောင့်အည်းထားရသည်။ အောင့်ရလွန်းသောကြောင့် သူမ၏ခြေမမှာကွေးပြီးနေသည်။ ထိုခြေမကို မြင်သွားသောချစ်သူအမျိုးသားက “ အချစ်ရဲ့ခြေမက လှရက်သားနဲ့ ဘာလို့ကွေးထားရတာလဲ ” ဆိုကာ ကိုင်ဖြောင့်လိုက်ရာ မိန်းခလေးမှာအောင့်ထားတာမရတော့ဘဲ ကျယ်လောင်သည့်အသံဖြင့် လေလည်ထွက်သွားသတဲ့။ မိန်းကလေးသည် အရှက်လွန်းပြီး မြစ်ထဲခုန်ချသေမည်လုပ်သောကြောင့် အမျိုးသားမှာ ခြေမကိုင်မီလက်မကိုင်မီဖြစ်ပြီး ပျာပျာသလဲတောင်ပန်လိုက်ပုံမှာ “အချစ်ကလေးရဲ့ အီးခလုတ်မှန်းမသိလို့ ကိုယ်ကိုင်မိတာပါ ကိုယ့်ကို ခွင့်လွှတ်ပေးပါ ” ဟုပြောပါသည်။

သူငယ်ချင်းတစ်ယောက်ပို့ပေးထားတာပါ

ခင်မင်မှုနဲ့  ချစ်ခြင်းကို ခဏ ခဏ ချော်လဲ ရောထိုင်လုပ်တယ်။ ဂဃနဏ မသိပဲနဲ့  ဂျောင်ထဲ သွားပြီး ဂျင်ပေါက်တယ်။ ငါးပွက်ရာ ငါကိုယ်တိုင် ငါးစာချ ခံ ရလို့  ငိုကြွေးရတယ်။ စာမေးပွဲခန်းထဲ စိမ်ပြေနပြေ စာခိုးချတယ်။ ဆုံးမတာကို နားမထောင် ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးတယ်။ ဇိမ်ခံချင်လို့  ဇီးပင်အောက်မှာ ဇယ်တောက်တယ်။ ဈေးသည်တစ်ယောက်ရဲ့  ဈာပန ကို ဈေးဝယ်မိလို့  လိုက်ပို့ ရတယ်။ ညအခါ ညောင်းလွန်းလို့  ညောင်ပင်အောက်မှာသွားထိုင်တယ်။ တနင်္ဂနွေ နေ့ မှာ တိမ်တောက်တာကိုကြည့်ပြီး တောင်တောင်အီအီ စဉ်းစားတယ်။ ထင်ပေါ်ချင်လို့  ထမင်းစားခါနီး ထိုင် ထ လုပ်တယ်။ ဒုက္ခနဲ့ စာရင်းရှင်းဖို့  ဒီတစ်နေ့ လုံး ဒါးသွေးတယ်။ ဓနိမိုး ထရံကာအိမ်ထဲ ဓနိရည်သောက်ပြီး ဓမ္မဒိဋ္ဌာန် ဖြေတယ်။ နေ့ ခင်းကြောင်တောင် နံဘေးကကောင်ကို နားရင်းအုပ်တယ်။ ပက်လက်လှန်ပြီး ပိတ်ထားသမျှဖွင့်ထုတ် ပေါက်တက်ကရတွေးတယ်။ ဖာတောင်းထဲ ဖားတစ်ကောင်ထည့် ဖင်ခုထိုင်တယ်။ ဗလကြီးအောင် ဗမာ့နည်း ဗမာ့ဟန်နဲ့  ဗာဒံသီးထုစားတယ်။ ဘယ်သူ့ မှမခေါ်ပဲ ဘုရားခန်းထဲ ဘူကြီးပွတ်တယ်။ မျှော်လင့်ချက်များစွာနဲ့  မင်းအကြောင်းကို မနက်အထိတွေးတယ်။ ယောက်ဖရှေ့ မှာ ယင်ကောင်ကို ယောင်းမနဲ့ ရိုက်တယ်။ ရန်ပွဲကို ရဲမလာခင်ထိ ရပ်ကြည့်တယ်။ လသာတဲ့ အချိန် လှံတစ်ချောင်းကို လှမ်းတွေ့ တယ်။ ၀က်တစ်ကောင်ကို ၀ လာမလားလို့  ၀မ်းနှုတ်ဆေးတိုက်တယ်။ သူတစ်ပါးအကြောင်း သိပ်မသိဘဲ သောက်တင်းပြောတယ်။ ဟောင်းနွမ်းနေတဲ့ ဟာသတစ်ပုဒ်ကို ဟင်းချက်စားတယ်။ အဆုံးထိဖတ်တဲ့  အသင့်အား အားနာမိတယ်။ သူငယ်ချင်းတစ်ယောက်ပို့ပေးထားတာပါအားလုံးကိုဖတ်စေချင်လို့မျှဝေပေးလိုက်ပါတယ်။ အားလုံးပဲ အဆင်ပြေပျော်ရွှင်ကျပါစေခင်ဗျာ။ 9/1/09