မျှဝေခြင်း

လူဆိုတာ မနေ့ကထက်ဒီနေ့ ပညာပိုရှိလာရမယ်။အသက်ကြီးလာတာနှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမယ်။ဒါအတွက် ဘာလုပ်ရမလဲ။ စာဖတ်ပါ...နေ့စဉ်ဖတ်ပါ...စာကောင်းပေကောင်းတွေကိုရွေးဖတ်ပါ။ကိုယ့်အလုပ်အတွက် ကိုယ့်ဘ၀အတွက် အသုံးဝင်မည့်အရာကို ဦးစားပေးဖတ်ပါ။ အလုပ်တွေများလွန်းလို့ စာအုပ်ဆိုတာ ကောက်တောင်မကိုင်နိုင်ဘူး။ အချိန်မရှိဘူးဆိုတဲ့ ဆင်ခြေမျိုးမပေးပါနဲ့။ အနည်းဆုံး ညအိပ်ရာဝင်တော့မယ်ဆိုရင် အချိန်၁၅မိနစ်လောက် စာဖတ်တဲ့ အလေ့အကျင့် တစ်ခုကိုလုပ်ပါ၊ တစ်နေ့၁၅မိနစ်ဆိုလျှင် တစ်နှစ်မှာနာရီပေါင်း၉၀ ဖတ်ဖြစ်မယ်။ အိပ်ရာဝင်အဆင်မပြေလျှင် အိပ်ရာထ ဒါမှမဟုတ် နေ့လည်အဆင်ပြေတဲ့အချိန်မှာဖတ်ပါ။ ဖတ်မည့်စာအုပ်တွေကိုရွေးထားပါ။ လက်လှမ်းမီရာမှာထားပါ။ အိပ်ထဲဆောင်ထားလို့ရ လျှင်ဆောင်ထားပါ။ အဲဒီလိုလုပ်လျှင် တစ်နေ့ ၁၅မိနစ်ထက်ပိုရမှာသေခြာတယ်။တစ်ခု သတိထားဖို့က စာအုပ်ကောင်းတွေ ရွေးဖတ်ဖို့ဖြစ်တယ်။ နောက်ပြီး အလိမ္မာ စာမှာရှိတယ်ဆိုပေမယ့် အထဲကအလိမ္မာ လူဆီရောက်ဖို့ပိုအရေးကြီးတယ်ဆိုတဲ့ ဆရာတော် သျှင်သေဌိလ ဆုံးမစကားကိုမမေ့ပါနဲ။ ငါဘွဲ့လည်းရပြီးပြီ၊ နေရာကောင်း တစ်ခုလည်းရပြီ၊ ဆက်လေ့လာစရာ ဖတ်စရာမလိုပါဘူး ဆိုတဲ့ အယူအဆပြပြီး ပေါ့ပေါ့မနေပါနဲ့။ လွယ်တာကို လုပ်ချင်တဲ့သဘောတွေကို ဖျောက်ပါ။ဒါတွေဟာလေ့လာဖတ်ရှုမှုနှင့်ဘ၀တိုးတက်ရေးအတွက် အဟန့်အတားဖြစ်စေတယ်။ ဘာကိုပဲဖြစ်ဖြစ် အရူးအမူး မစွဲလန်းပါစေနဲ့၊ လူကိုပဲဖြစ်ဖြစ်၊ ပစ္စည်းကိုပဲဖြစ်ဖြစ် ၊ ဖျော်ဖြေမှု တစ်ခုကိုပဲဖြစ်ဖြစ် အရူးအမူး မစွဲလန်းပါစေနဲ့။ ဒါဆိုဘ၀သေသူတစ်ယောက် ဖြစ်သွားနိုင်တယ်။ဘ၀ရှင်တက်ကြွနေဖို့အတွက် ဝေဖန်ပိုင်းခြားတွေးတောမှု (Critical thinking)၊ဖြန့်ကျက်တွေးတောနိုင်မှု (Lateral thinking) တွေရှိဖို့လိုတယ်။ အရာရာကို ခံစားမှုဖြင့် မဖြေရှင်းပါနဲ့။ဆင်ခြင်မှုဖြင့် ဖြေရှင်းပါ။ဂုဏ်သိက္ခာဖြင့် မိမိရဲ့မျှော်မှန်းချက်ပန်းတိုင်ရောက်အောင် ကိုယ့်ကိုယ်ကိုယ် ရိုသေလေးစားစေမည့် စည်းကမ်းထားရှိပြီး လုပ်ကိုင်ပါ။ ပျော်ရွှင်ချမ်းမြေ့ ငြိမ်းချမ်းတဲ့ ဘ၀ကို ထူထောင်နိုင်ဘို့ ကိုယ်ကျင့်သိက္ခာကို မြင့်မားအောင်ထိန်းသိမ်းစောင့်ရှောက်ပြီး၊စင်ကြယ်မြင့်မြတ်မှုကို တန်ဖိုးထားဖို့လိုပါတယ်။ ကိုယ့်အတွက် အကျိုးရှိတာလည်းလုပ်ရတယ်။အများနှင့်နိုင်ငံ အကျိုးရှိမည့် အလုပ်လည်းလုပ်ရမည်။ကိုယ်အဆင်ပြေနေပေမယ့် ကိုယ့်ဝန်းကျင်က လူတွေ အဆင်မပြေတာတွေများရင်၊ကိုယ်လည်းအဆင်မပြေဖြစ်လာမှာပဲ။ အိမ်ကောင်းကောင်း၊ ကားကောင်းကောင်း၊ အဖိုးတန် ပစ္စည်းကောင်းကောင်းတွေနဲ့ နေနိုင်ဖို့ အထိုက်အလျောက် လိုအပ်ပေမယ့်၊ အဲဒါတွေရှိရုံဖြင့် ဘ၀အဆင့်အတန်းမြင့်တယ်လို့မဆိုနိုင်ဘူး။ အဆင့်မြင့်တဲ့ ဘ၀ဆိုတာ အဆင့်အတန်းမြင့်တဲ့ ကောင်းမွန်တဲ့ စိတ်အရည်အသွေးကို ပြောတာဖြစ်တယ်။ စိတ်အရည်အသွေး တိုးတက် ကောင်းမွန်ဖို့ အတွက် ၊ဒါနသီလနဲ့ ဘာဝနာလိုတယ်။ဒါနထက် သီလက ပိုမြင့်မြတ်တယ်။သမာဓိကောင်းပြီး စိတ်ကိုကြည်လင်သန့်ရှင်းစေတဲ့ အသိဥာဏ်ဖြစ်စေတဲ့ ဘာဝနာက ပိုမိုမြင့်မားတယ်လို့ဆိုတယ်။ သမာဓိထူထောင်ပြီး စိတ်ကိုတည်ငြိမ်အေးချမ်းအောင် လုပ်တာဟာ ပညာရေးပိုင်းမှာအလွန်အထောက်အကူရတယ်။ စိတ်တည်ငြိမ်အေးချမ်းနေလျှင် ဘာပဲလုပ်လုပ်အချိန်ကုန် သက်သာတယ်။ မြန်မြန်ဆန်ဆန် အေးအေးဆေးဆေးနဲ့ ပြီးတယ်။အမှားအယွင်းနည်းတယ်။ ကိုယ့်ဘ၀ကိုယ် တကယ် အသက်ရှည်စေချင်တယ်ဆိုရင် မလုပ်မဖြစ်လုပ်ရမှာက သတိဖြင့်နေတာဖြစ်တယ်။ ဒါကြောင့်နေ့စဉ်တရားထိုင်ပါ။ အချိန် အနည်းငယ်ပဲ ဖြစ်ဖြစ်ထိုင်ဖြစ်အောင်ထိုင်ပါ။ ကုသိုလ်စိတ် ဖြစ်နေအောင်လုပ်ပြီး ၊ကုသိုလ်စိတ်ဖြစ်နေရင်လည်း သိရမယ်၊ကိုယ့်စိတ်မှ ကိုယ်မသိလျှင် တခြားဟိုအကြောင်း၊ဒီအကြောင်းတွေ သိနေရုံနဲ့ ပညာတတ်လို့ မဆိုနိုင်ဘူး၊ဒါကြောင့်ပညာတတ်ဖြစ်ချင်လျှင် တရားကိုလေ့ လာအားထုတ်ပါ။ အခုလုပ်နိုင်သလောက် လုပ်ပါ။သိပ်ကောင်းလွန်းအားကြီးပြီး သိပ်မြင့်လွန်းနေလို့ လိုက် မမီတာတွေကို ခုမလုပ်နိုင်သေးပေမယ့်၊ တစ်နေ့နေ့ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါ။တစ်ကြိမ်တည်းနဲ့ ထိပ်ဆုံးရောက်အောင် မကြိုးစားပါနဲ့။ တစ်ကြိမ်ထက်တစ်ကြိမ်ပိုကောင်းအောင်သာ ကြိုးစားပါ။ကောင်းတာတွေကို ယခုလုပ်နိုင်သလောက် လုပ်ဖို့ အရေးကြီးတယ်။လုပ်လို့ဖြစ်တာကိုမလုပ်ပါ။ လုပ်နိုင်တာကိုမလုပ်ပဲ အကြီးအကျယ်လုပ်မည် လို့စဉ်းစားနေရုံနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။လောလောဆယ် တတ်နိုင်သလောက် အကောင်းဆုံးလုပ်ပါ။ နိုင်ငံအကျိုး၊ လူသားအကျိုးဆောင်ရွက်နိုင်တဲ့ အမျိုးကောင်းသား၊ သမီးများဖြစ်ကြပါစေ။
ကျွန်တော်ဖတ်ဖူးတဲ့ ဖေမြင့် စာအုပ်ထဲက စာသားလေးတွေပါ ကြိုက်လွန်းလို့တင်ပေးလိုက်တာပါ။
တကယ်ဖတ်ကြည့်ရင်တော့ စာအုပ်လေးတွေက တော်တော်လေးကောင်းပါတယ် အားလုံးပဲ အဆင်ပြေပျော်ရွှင်ကျပါစေနော်။

9 comments:

Welcome said...

ကဗျာလေး များလားလို့
အကျိုးပြု အသိပေးစာလေးဆိုတော့လည်း
နှစ်ခြိုက်စွာနဲ့ မှတ်သားသွားပါတယ်။
ရှယ်ပေးလို့ ကျေးဇူးပါ။

Anonymous said...

မှတ်သားသွားပါတယ် ကျေးဇူးဘဲ ကိုတိုးလေးရေ
ဘယ်အရာမှ စွဲစွဲလန်းလန်း မထားတာ အကောင်းဆုံးဘဲ
အဲဒါကတော့ တကယ်ကို မှန်တာနော်
အဆင်ပြေပျော်ရွှင်ပါစေ

Nge Naing said...

သိပ်ကောင်းပါတယ်။ ဒီလို စာလေးတွေ များများ တင်ပေးသင့်တယ်။

မီးမီးငယ် said...

အရမ်းကောင်းတယ်ကိုတိုးလေးရေ

မေ့နေတာတွေမမေ့အောင် သင်ပေးလိုက်သလိုဘဲ။

ကျေးဇူး
း)

poemflower said...

မျှဝေပေးတာကျေးဇူးပါ.ကိုတိုးလေး မျှဝေချင်း က ခြင်းဖြစ်ပါတယ် .. (စိတ်မဆိုးပါနဲ့နော် . . )

ကောင်းကင်ပြာ said...

ဖတ်ရမယ်ကိုတိုးရေ၊ကိုတိုးလဲဖတ်ပါ

ဝှိုက်ဝှိုက် said...

ကိုတိုးရေ ဖတ်မှတ်သွားပါတယ်
ကျေးဇူးတင်ပါတယ် ပြန်လည်မျှဝေပေးလို့

Anonymous said...

ပေးတဲ့ဆုနဲ့ပြည့်ချင်ပါတယ်
ကိုတိုးလေးရေ ဖက်မဲ့စာအုပ်ကို ရွေးထားတယ်။
ဆိုင်မှာ
သွားမခိုးရသေးဘူး

Anonymous said...

မှတ်သားထိုက်တဲ့ ပို့စ်ပါပဲဗျာ။ ဟုတ်တယ်ဗျ
ဘယ်အရာမဆိုဓါးလိုပဲ အမြဲသွေးနေမှထက်တာဗျ။