ဥယျာဉ်မှူး

ပန်းဟူသည်မှာ ဖူးရာမှငုံ ငုံရာမှပွင့် ကြွားကြွားဝင့်သော် လောကမြေ၀ယ် အလှကြွယ်၏။ သို့သော်ဆင့်ကမ်း ပွင့်ယူလှမ်းရန် ပန်းသဘာဝ မပြည့်ဝမီ ဖူးစဉ်ပျက်သုဉ်း ဘ၀ဆုံးတာ ရှိဖူးပါ၏။ တမူမှာကား ဖူးသာဖူးငြား ငုံမသွားမီ လေနီမိုးကြမ်း တိုက်ခတ်ရမ်း၍ ငုံခွင့်မသာ သေဆုံးတာလည်း ရှိဖူးပါ၏။ အချို့မှာကား ငုံသာငုံရ မပွင့်ရပဲ အလှလည်းညှိုး ပန်းလည်းကျိုးတာ မြင်ဖူးပါ၏။ ဖူးစဉ်ခါဝယ် သိမကြွယ်၌ လမ်းမှန်ထောက်ပြ မမှားရအောင် ပန်းအလှစုံ ဆံဝတ်မှုန်သို့ ညှာတံဝတ်ဖတ် လန်းဆမ်းလတ်ရန် ပြုစုစိုက်ထိုး ယုယပျိုးကာ ပေါင်းသင်းမြေစွ ရေလောင်းကြသည့် မြင့်မြတ်လူသား ထိုသူများကို တင်စားခေါ်ဝေါ် ဂုဏ်တင်ဖေါ်သည် ကြီးစွာကျေးဇူး ဥယျာဉ်မှူး။ ။

3 comments:

thihanyein said...

ကျနော်စိုက်ခဲ့တဲ့ နှင်းဆီတွေကိုသတိရလိုက်တာဗျာ
ကဗျာလေးက ရင်ကိုထိလိုက်တာ
ကောင်းလိုက်တဲ့ကဗျာလေးဗျာ ကိုတိုးလေးပြောသလို
အဲဒီအဖြစ်တွေကို ကျနော်ကြုံခဲ့ရတယ်
ခံစားသွားတယ်ကိုတိုးလေးရေ

ကဗျာမလေး said...

မောင်လေးရေ ..... ဥယျာဉ်မှူး ပန်းမခူးရတဲ့နော် ....။
" ဥယျာဉ်မှူး သို့ " ဆိုတဲ့ ကဗျာလေး လက်ဆောင်ပေးမယ်နော်....

ပန်းပင်ကိုပျိုး
ပန်းမချိုးလျှင်
မြတ်နိုးတတ်မှန်း
သိပါပြီ.........။

မသက်ဇင် said...

ဥယျာဉ်မှူးတွေက --တက ယ်တော့ ပန်းပျိုးတဲ့လက်ပါ
ပဲရှင်---
မြင့်မြတ်လူသား ထိုသူများကို
တင်စားခေါ်ဝေါ် ဂုဏ်တင်ဖေါ်သည်
ကြီးစွာကျေးဇူး ဥယျာဉ်မှူး။ ။
ကဗျာကောင်းလေးကို ဖတ်သွားပါတယ်ရှင်---